• ၂၀၁၂ ခုနစ်က Blogspot မှာ ရေးခဲ့တဲ့ အဟောင်းလေးပါ၊ ဖေဖေ့အကြောင်းရေးထားတာလေးမို့ ပြန်တင်ထားတာ

ကျွန်တော်မှတ်မိသမျှကတော့ ကျွန်တော့်အသက် ၅နှစ်၊ ၆နှစ် လောက်မှာ ဖေဖေ့ရဲ့ဖိနပ်၊ အတိအကျပြောရရင် ဘီအမ်တွမ်တီးလို့ခေါ်တဲ့ ရာဘာဖိနပ်ပေါ့… အဲဒီ့ဖေဖေ့ဖိနပ်ကို ယူစီးကြည့်ခဲ့ဖူးတယ်။ ကျွန်တော့်အသက်ငယ်ငယ်လေးဆိုတော့ ဖိနပ်ကအကြီးကြီးပေါ့၊ ဒါပေမယ့် ကျွန်တော် အဲဒီ့ ဖေဖေ့ဖိနပ်ကို ယူယူစီးရတာ အရမ်းသဘောကျတယ်။ လူကြီးတွေကပြောတယ် ချော်လဲမယ် ဘာညာပေါ့ ဒါပေမယ့် ကျွန်တော် အဲဒီ့ဖေဖေ့ဖိနပ်ကို ခဏခဏ ခိုးစီးတယ်။ ဖေဖေ့ဖိနပ်နံပါတ်က ၈၊ တစ်ခါတစ်လေ ၈ခွဲလည်း စီးတယ်။ ကျွန်တော်နဲ့ဆိုရင် အဲဒီ့ဖိနပ်က အရမ်းကြီးနေတာပေါ့… ဒါပေမယ့် ကျွန်တော်ကြိုက်တယ်၊ ကျွန်တော်အားကျတယ်၊ ငါလည်းတစ်နေ့ကျရင် ဖေဖေ့လိုဖိနပ် စီးကိုစီးမယ်လို့ ………


ဒီလိုနဲ့ တဖြည်းဖြည်း ကျွန်တော့်အသက်တွေကြီးလာလိုက်တာ ဘယ်အချိန်၊ဘယ်အရွယ်တုန်းက ဖေဖေ့ဖိနပ်နဲ့ နံပါတ်တူတဲ့ဖိနပ်ကို စီးခဲ့သလဲဆိုတာကို သေချာမမှတ်မိတော့ဘူးဗျ…. ကျွန်တော်သတိထားမိတဲ့အချိန်မှာ ကျွန်တော့်ဖိနပ်နံပါတ်က ၁၁ဖြစ်နေပြီ… ဒါပေမယ့် သေချာတာတစ်ခုကတော့ ငယ်ငယ်တုန်းက ဖေဖေ့ရဲ့ဖိနပ်ကို ကျွန်တော်သဘောကျနှစ်သက်ခဲ့ဖူးတယ် ဆိုတာပါပဲ။


ဖေဖေဟာ ကျွန်တော့်အတွက်တော့ တကယ့်ကို ဟီးရိုးပါ၊ ဒါပေမယ့် ကျွန်တော်ပြောနိုင်တာတစ်ခုက ကျွန်တော်ခုထိ ဖေဖေ့ခြေရာကို မနင်းနိုင်သေးဘူးဆိုတာပဲ။ ဖေဖေ့ကို မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ထဲက အမြင့် ဆိုတဲ့ ရွာလေးမှာ မွေးခဲ့တာ၊ မွေးချင်း ၇ယောက်မှာ ၃ယောက်မြောက်သားပေါ့။ ဖေဖေကဆယ်တန်းကို မန္တလေးမှာ အောင်ခဲ့တာလို့ပြောပြဖူးပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ပြီး သတ္တဗေဒ ဂုဏ်ထူးဘွဲ့ ရခဲ့တယ်၊ မဟာဆက်တက်ဖို့ အရည်အချင်းမီပါလျက်နဲ့ စရိတ်မတတ်နိုင်လို့ ကျောင်းနားခဲ့ရပါတယ်။ အခုခေတ် ရှင်းရှင်းပြောရရင် ကျွန်တော်တို့ခေတ်လို ဆယ်တန်းအောင်ချက် မကောင်းတဲ့ခေတ်၊ တက္ကသိုလ်ဘွဲ့ရဆိုတာ ရှားပါးတဲ့ခေတ်မှာ ဂုဏ်ထူးဘွဲ့ရတယ်ဆိုတာ ခက်ခဲတယ်ဆိုတာ သိသာပါတယ်။ နောက်ပြီး ဖေဖေက ဂုဏ်ထူးဘွဲ့အတွက် ကျောင်းတက်တဲ့အချိန်မှာ တဖက်ကကွမ်းယာရောင်းပြီး ကိုယ့်ကျောင်းစရိတ် ကိုယ့်ဘာသာရှာပြီး တက်ခဲ့ရတာပါ။ ဘာပဲဖြစ်ဖြစ် ပြောချင်တာက ဖေဖေတော်တယ် ဆိုတာပါပဲ။ ဒီလိုဘဝမျိုးမှာ ကျင်လည်ခဲ့ရတဲ့ ဖေဖေဟာ ကျွန်တော်တို့ကိုကျတော့ အဆင်ပြေပြေ အေးအေးဆေးဆေး ကျောင်းတက်နိုင်အောင်၊ လူချင်းသူချင်းတူအောင်၊ မတောင့်မတ မကြောင့်မကြ ပညာသင်နိုင်အောင် လုပ်ကျွေးခဲ့ပါတယ်။ ငယ်ငယ်တည်းက ပညာရေးမှာထူးချွန်အောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။


ကျွန်တော်တို့ ငယ်ငယ်က ဖေဖေက အရိုက်ကြမ်းပါတယ်၊ အဲဒါကြောင့်လည်း ဖေဖေ့ကို မကျေမနပ်ဖြစ်ခဲ့ဖူးတာ ခဏခဏပါပဲ။ ဖေဖေ ငါ့ကိုမချစ်ဘူးလို့ ကလေးအတွေးနဲ့တွေးခဲ့တာလည်း ရေတွက်လို့တောင်မရနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်နေမကောင်းဖြစ်တဲ့အခါတိုင်း စက်ဘီးနင်းပြီး ဆေးခန်းလိုက်ပို့ပေးခဲ့တာ၊ ငယ်ငယ်တည်းက ဆေးထိုးတာ သေလောက်အောင်ကြောက်တဲ့ ကျွန်တော့်ကို ဆရာဝန်ဆေးထိုးတိုင်း မျက်လုံးမှိတ်ထားလို့ ဂရုတစိုက်ပြောပြီး နာလွန်းလို့ရှုံ့မဲ့နေတဲ့ ကျွန်တော့်ကို ပြုံးပြီး အားပေးခဲ့တာ၊ ကျွန်တော် ဆေးရုံတက်ခဲ့ရတဲ့ နှစ်ခေါက်စလုံး အနားမှာ အရိပ်တကြည့်ကြည့်နဲ့ စောင့်ပေးခဲ့တာ၊ အဲဒီ့လိုမျိုး ကျွန်တော့်ကို ဂရုစိုက်ခဲ့တာတွေ မရေမတွက်နိုင်အောင်များလွန်းတယ်ဆိုတာ ကို စဉ်းစားမိတိုင်း ဖေဖေ့ကို အားနာခဲ့မိတာ ခုချိန်ထိပါပဲ။


ဖေဖေတဖြည်းဖြည်းအသက်ကြီးလာတာကို သတိမထားမိပဲ နေလာလိုက်တာ ခုတလောမှ ဖေဖေရုပ်တော်တော်ကျသွားပါလားလို့ သိတော့တယ်။ ဒီအသက်အရွယ်ထိ ဖေဖေ ကျွန်တော့်လုပ်စာကို မယ်မယ်ရရမစားရသေးပါလား…….. လို့တွေးမိတော့ အရာရာကို ပေါ့ပေါ့လေးဖြတ်သန်းခဲ့တဲ့ ကိုယ့်ကိုယ်ကို ဒေါသတွေထွက်နေရတယ်။ ခုအချိန်က ဖေဖေ ကျွန်တော့်ကို အားကိုးရမယ်အချိန်ရောက်နေပြီပဲ၊ ကျွန်တော်ဆပ်တဲ့ ကျေးဇူးတွေကိုခံယူရင်း အေးအေးဆေးဆေးနေရမယ့် အရွယ်ရောက်နေပြီပဲ လို့သတိရမိတိုင်း ဆိုးခဲ့ မိုက်ခဲ့ ပေခဲ့ တေခဲ့တဲ့ အချိန်တွေအတွက် နောင်တတွေရရင်း…… မိဘနှစ်ပါးရဲ့ ကျေးဇူးတရားတွေကို ပြန်ဆပ်ခွင့်ရသေးတဲ့ အချိန်လေးမှာ ကြိုးစားပြီးဆပ်ရမယ်ဆိုတာရယ်၊ ဖေဖေ့လို မိဘအပေါ်၊ ဇနီးမယားအပေါ်၊ သားသမီးအပေါ် တာဝန်ကျေတဲ့ ယောကျ်ားတစ်ယောက်ဖြစ်ကိုဖြစ်ရမယ်ဆိုတာရယ် တွေးရင်းတွေးရင်း…. ငယ်ငယ်က အရမ်းသဘောကျခဲ့တဲ့ ဖေဖေ့ရဲ့ ရာဘာဖိနပ်လေးကို ခိုးစီးကြည့်ရင်း…………………….

၃၀၊ ဇူလိုင် ၂၀၁၂
၁၀း၁၂ (ည)