တကယ်တမ်း ဒီဒိုမိန်းနိမ်း “tinaunglwin.com” ကို ဝယ်ထားတာ သုံးလေးနှစ်ရှိသွားပြီ။ သုံးတာကတော့ Email အနေနဲ့ပဲသုံးဖြစ်နေတာ၊ အစတည်းက blog ပြန်ရေးမယ်ဆိုပြီးလုပ်ထားတာကို လူကပျင်းနေတာနဲ့ ဘာမှမလုပ်ဖြစ်ပဲ ပစ်ထားသလိုဖြစ်နေတယ်။ အရင်က Blogspot နဲ့ WordPress မှာ blog တွေရေးခဲ့ဖူးတယ်၊ စိတ်ထဲရှိရာ ဘာဘာညာညာတွေပဲ လျှောက်ရေးနေခဲ့တာပါပဲ။ အခုဒိုမိန်းနိမ်း “tinaunglwin.com” ဆိုတာက အစက တစ်ယောက်ယောက်ပိုင်ခဲ့တာပဲ၊ နောက်ထပ် တင်အောင်လွင် တစ်ယောက်ဖြစ်မှာပေါ့ … သူ့ဘက်က အကြောင်းကြောင်းကြောင့် သက်တမ်းမတိုးဖြစ်တာလား ဘာလားပေါ့လေ … ဒီဟာကို ဝယ်လို့ရပြီဆိုပြီး Email ရောက်ချလာတာနဲ့ ဝယ်ဖြစ်ထားတာ။ ဝယ်ပြီးကာစတုန်းက Coming Soon page လေး လုပ်ထားသေးတယ်၊ တကယ်လည်း ဘာမှမလုပ်ဖြစ်ပဲ Coming Soon က အရမ်းကြာနေတော့ ပြန်ဖြုတ်ထားလိုက်တာပဲ။

အခုအချိန်ကတော့ အလုပ်လေးရှိရင် လုပ်လိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ အရက်သောက်လိုက် လုပ်နေတာဆိုတော့ ဒီအချိန်မှ ဒီဟာကို မလုပ်ဖြစ်ရင် နောက်လုပ်ဖြစ်မယ်မထင်လို့ WordPress နဲ့ပဲ setup လုပ်ဖြစ်သွားတယ်။ ရေးမယ့်အကြောင်းအရာတွေကလည်း ထွေထွေထူးထူးတော့ ရှိလှမယ်မထင်ပါဘူး၊ ဆိုတော့ကာ … အဆင်ပြေတဲ့သူ ဝင်ဖတ်ပေါ့ … မဖတ်လည်း ဘာမှမဖြစ်ပါဘူး။ ဘာမှမထူးတာတွေချည်းပဲ ရေးဖြစ်မယ်ထင်တာပါပဲ …

ဒီစာကို About ဆိုတဲ့ page မှာထားမယ်လို့ စဉ်းစားတော့ ကိုယ့်အကြောင်းလည်း နည်းနည်းတော့ ထည့်ရေးရမှာပေါ့လေ …

အမည် – တင်အောင်လွင်

မွေးနေ့ – ၈ရက် ဩဂုတ်၊ ၁၉၈၉

အလုပ်အကိုင် – Programmer လို့တော့ ကိုယ့်ကိုယ်ကို ထင်တာပဲ၊ နည်းပညာကုမ္ပဏီလေးတစ်ခုကို သူငယ်ချင်းတွေနဲ့ Founded လုပ်ထားတယ်။

Relationship Status အနေနဲ့ကတော့ ချစ်သူရှိတယ်၊ ချစ်သူနာမည်က ယုယုလှိုင်ပါ။